မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၈ ရက်နေ့က ကျင်းပတဲ့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးမှာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနှင့် 5G နည်းပညာအသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရန် 2600 MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ချထားပေးပြီးဖြစ်ပြီး မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် (၁)နှစ်အတွင်း စခန်းပေါင်း ၁,၀၀၀ ခန့် တည်ဆောက်ကာ ဝန်ဆောင်မှုပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်သွားရမယ်လို့လည်း ဒုတိယဝန်ကြီးက ပြောကြားထားပါတယ်။ ထို့အတူ 5G Task Force ကိုလည်း ဖွဲ့စည်းထားပြီး အော်ပရေတာများအနေဖြင့် 5G နည်းပညာ စမ်းသပ်ဆောင်ရွက်မှုအား ဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် ဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်စွာ ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားရန်၊ ပြည်သူများအတွက် အရည်အသွေးကောင်းမွန်သည့် 5G ဝန်ဆောင်မှုများပေးနိုင်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်လည်း ညွှန်ကြားခဲ့ပါတယ်။
အဆိုပါ အစည်းအဝေး၌ တက်ရောက်လာကြသူများက 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်နေမှု၊ 5G ဝန်ဆောင်မှုပေးနိုင်ရန် လှိုင်းနှုန်းစဉ်ချထားပေးမှု၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေ၊ 5G ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှု၊ ဝန်ဆောင်မှု စတင် ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးကြခဲ့တာလို့လည်း သိရပါတယ်။
Photo- Internet






