တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း ဧက ၄၀၀,၀၀၀ ကျော် စိုက်ပျိုးထားကာ လက်ရှိတွင် ပြည်တွင်း၌ ဆီကြမ်းအဖြစ်သာ ထုတ်လုပ်နိုင်ပြီး ဆီချောအဖြစ် ထုတ်လုပ်နိုင်ပါက ဒေသတွင်း ဖူလုံကာ ပိုလျှံသည်များကိုပင် တင်ပို့ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း ၄၀၁,၆၀၅ ဧကစိုက်ပျိုးထားနိုင်ပြီး အသီးခူးဧကအနေဖြင့် ၁၇၃,၉၂၆ ဧကရှိကာ တစ်ဧက အထွက်နှုန်းမှာ ၁ ဒသမ ၆၅ တန် ရှိကြောင်း သိရပါတယ်။
“လက်ရှိပြည်တွင်းမှာ ဆီအုန်းကို ဆီကြမ်းအဖြစ်သာ ထုတ်လုပ်နိုင်ပြီးတော့ တိုင်းဒေသကြီးအတွင်း ဆီချောထုတ်တဲ့စက်ရုံတွေ တည်ဆောက်ပြီးတော့ စားသုံးနိုင်တဲ့ ဆီချောထုတ်လုပ်နိုင်မယ်ဆိုရင် ဒေသတွင်း ဖူလုံတဲ့ပြင် ပိုလျှံသည်များကိုပင် တင်ပို့ရောင်းချပေးနိုင်မှာဖြစ်ပါတယ်” လို့ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းမှာ ဆီအုန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် တနင်္သာရီတိုင်းဒေသကြီးမှာ စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ဆီအုန်းသီးနှံသည် အီကွေတာ၏ တောင်နှင့် မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ အတွင်း ကောင်းစွာ ဖြစ်ထွန်းသည့် သီးနှံဖြစ်သဖြင့် မြိတ်၊ ကော့သောင်းဒေသများတွင်သာ ဧကအမြောက်အမြားကို စီးပွားဖြစ် စိုက်ပျိုးထား ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီကြမ်းစက်ရုံများ လည်ပတ်နေမှုအဖြစ် ထားဝယ်ခရိုင်တွင် တစ်ခု၊ ဘုတ်ပြင်းခရိုင်တွင် ၂ ခုနှင့် ကော့သောင်းခရိုင်တွင် ၂ ခုတို့ရှိပြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် ပံ့ပိုးပေးလျက်ရှိကြောင်း သိရပါတယ်။
Photo – MOI






