လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကြောင့် Miss Grand Myanmar ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand Final ပြိုင်ပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း Miss Grand Myanmar က ယနေ့ မေ ၆ ရက်နေ့ နေ့လည်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်၏ မယ်သီလရှင် ဝတ်စုံဖြင့် ယှဉ်ပြိုင်မှုအပေါ် လူအများက ဝေဖန်မှုများရှိနေပါတယ်။
ယခုဖြစ်ပေါ်နေသော တာချီလိတ်အလှမယ်ကိစ္စနှင့် ပတ်သက်၍ Full Rehearsal နှစ်ကြိမ်လုံးတွင် ယခုကဲ့သို့ Performance ကို ကြိုတင် ပြသထားခြင်း မရှိသလို မည်သည့် Supervisor, Admin တာဝန်ရှိသူများကိုမှ ထိုအစီအစဉ်အား အရိပ်အမြွက်ပင်ဖြစ်စေ ကြိုတင် အကြောင်းကြားထားမှု မရှိဘူးလို့လည်း Miss Grand Myanmar မှ ယမန်နေ့ မေ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ထို့အတူ စာချုပ်ပါစည်းကမ်းအရ “နိုင်ငံတော်ကို အကြည်အညိုပျက်စေသော၊ Organization ကို ဂုဏ်သရေ ညှိုးနွမ်းစေသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ ဆောင်ရွက်မိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်” ဆိုသော အချက်အား လျစ်လျူရှုခြင်းနှင့် မြန်မာပြည်၏ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင် ပြုရာ ရောက်ခြင်း စသည့် အချက်များကြောင့် ပြိုင်ပွဲစည်းကမ်းအရ အဆိုပါ တာချီလိတ် အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ကြောင်းကိုလည်း ယင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
Photo- Miss Grand Myanmar






