[latest_news_marquee]

လှည်းကူးနှင့် မှော်ဘီ တို့တွင် ကြက်ခြံ ၁၆၀၀ ကျော်၌ ကြက်ကောင်ရေပေါင်း ၉၂ သိန်းကျော် စီးပွားဖြစ် မွေးမြူထား

ရန်ကုန်တိုင်းဒေသကြီးရှိ လှည်းကူးနှင့် မှော်ဘီ မြို့နယ် ၂ မြို့နယ်တို့တွင် ကြက်ခြံ ၁၆၀၀ ကျော်၌ ကြက်ကောင်ရေပေါင်း ၉၂ သိန်းကျော် စီးပွားဖြစ် မွေးမြူထားကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။

ယင်းမြို့နယ်များတွင် ဥစားကြက်ခြံပေါင်း ၃၂၆ ခြံ ရှိပြီး ကြက်ကောင်ရေ ၂၆ သိန်းကျော်၊ အသားတိုးကြက်ခြံပေါင်း ၁၂၈၂ ခြံတွင် ကြက်ကောင်ရေ ၆၆ သိန်းကျော်၊ စုစုပေါင်း ကြက်ခြံ ၁,၆၀၈ ခြံတွင်  ကောင်ရေ ၉၂ သိန်းကျော် မွေးမြူထားပြီး အဆိုပါ ကြက်ခြံများမှ စားသုံးသူဈေးကွက်အတွက် ကြက်ဥနှင့် ကြက်သားများ အများဆုံး မွေးမြူထုတ်လုပ်ပေးလျက်ရှိရာ နေ့စဉ်ဒေသတွင်းစားသုံးသူ ဈေးကွက်အတွက် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်းလည်း သိရပါတယ်။

“အခြေခံစားသောက်ကုန်ဖြစ်ပြီး အများဆုံးစားသုံးနေကြတဲ့ ကြက်ဥနဲ့ ကြက်သားကို ကျန်းမာရေးနဲ့အညီ စားသုံးနိုင်အောင် မွေးမြူရေးခြံတွေမှာ မျိုးကောင်းမျိုးသန့်တွေ မွေးမြူဖို့၊ အစာစနစ်ကို စနစ်တကျစီမံပြီး ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုဖို့၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကို စနစ်တကျဆောင်ရွက်ဖို့၊ မွေးမြူရေးကဏ္ဍမှာ မှတ်တမ်း၊ စာရင်းဇယားများ စနစ်တကျထားရှိပြီး၊ စားသုံးသူအဆင်ပြေစေတဲ့ ဈေးကွက်ကို ဖော်ဆောင်ဖို့ စတာတွေကို စီမံဆောင်ရွက်နေပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၇ သန်းကျော်ရှိပြီး  ကြက်ဥနှင့် ကြက်သားစားသုံးမှုအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှ ကြက်သား ၁၄၈ တန်ခန့်နှင့် ကြက်ဥအလုံးရေ ၃ သန်းခန့် စားသုံးမှုရှိကြောင်း၊ ယင်းသို့စားသုံးမှုများအတွက် တိုင်းဒေသကြီးအတွင်း ကြက်ဥနှင့် ကြက်သားများ  အများဆုံးထုတ်လုပ်ပေးနေသည်မှာ လှည်းကူးမြို့နယ်ရှိ ငါးဆူတောင်ကုမ္ပဏီ ကြက်မွေးမြူရေးခြံမှ ဖြစ်ကြောင်း၊ ၎င်းခြံတွင် အသားတိုးကြက် ၁၅၀,၀၀၀၊ ဥစားကြက် ၁၅၀,၀၀၀ မွေးမြူထားပြီး နေ့စဉ်ကြက်ဥအလုံးရေ ၁၂၀,၀၀၀ နှင့် ကြက်သားပိဿာချိန် ၄,၀၀၀ ထုတ်လုပ်ပေးနေကြောင်း၊ အလားတူ Myanmar Green Light မွေးမြူရေးခြံ ၁၃ ခြံမှလည်း နေ့စဉ် ကြက်ဥအလုံးရေ ၅၈,၀၀၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးနေကြောင်း သိရပါတယ်။

ထို့ပြင် မှော်ဘီမြို့နယ်နှင့် အခြားမြို့နယ်များရှိ ကြက်မွေးမြူရေးခြံများမှလည်း သက်ဆိုင်ရာ မြို့နယ်အလိုက် ဒေသတွင်းစားသုံးသူဈေးကွက်အတွက် နေ့စဉ်ဖြန့်ဖြူးထုတ်လုပ် ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News