MSME ဒီဂျစ်တယ်ချေးငွေလျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း (MSME Digital Lending Application) ကို လုပ်ငန်းရှင်များအတွက် ငွေကြေးအရင်းအနှီး လိုအပ်ချက်ကို အချိန်တိုအတွင်း မြန်ဆန်စွာဖြည့်ဆည်းပေးနိုင်မည့် အဓိကပေါင်းကူးတံတားတစ်ခုဖြစ်လာစေရန် တည်ဆောက်သွားမည်ဟု စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့ပါတယ်။
MSME ဒီဂျစ်တယ်ချေးငွေ လျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း (MSME Digital Lending Application) တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်နေ့က အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပခဲ့ရာမှာ ၎င်းက ထိုသို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက လိုအပ်ချက်များစွာရှိသည့်အနက် “ငွေကြေးအရင်းအနှီးများ လွယ်ကူမြန်ဆန်စွာ လက်ဝယ်ရောက်ရှိရေး” သည် မရှိမဖြစ်လိုအပ်သော အသက်သွေးကြောတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်မီနည်းပညာ ဒီဂျစ်တယ်စနစ်အသုံးပြုပြီး စာရွက်စာတမ်းအနည်းဆုံးဖြင့် စိစစ်နိုင်မည့် Paperless စနစ်သို့ မဖြစ်မနေ ကူးပြောင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု MSME Digital Lending Application ကို အကောင်အထည်ဖော်အသုံးပြုခြင်းဖြင့် ယခင်က ရက်သတ္တပတ် ပေါင်းများစွာ (သို့မဟုတ်) လပေါင်းများစွာ ကြာမြင့်ခဲ့သည့် စိစစ်မှုလုပ်ငန်းစဉ်များကို အချိန်တိုအတွင်း မိနစ်ပိုင်း (သို့မဟုတ်) ရက်အနည်းငယ်အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ထိုအစည်းအဝေးသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသွင်အောင်နှင့် ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်အသီးသီးမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF)၊ မြန်မာနိုင်ငံဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်အသင်း(MDEA)နှင့် အသင်းအဖွဲ့များမှ ဘာသာရပ်ဆိုင်ရာပညာရှင်များနှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး MSME ဒီဂျစ်တယ်ချေးငွေ အက်ပလီကေးရှင်း အကောင်အထည်ဖော်ရေး၊ Digital Application ၏ Scope သတ်မှတ်ခြင်း၊ အချက်အလက် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ Data အချက်အလက်လုံခြုံရေး၊ နည်းပညာစံနှုန်းများနှင့် ဒေသန္တရ အခန်းကဏ္ဍပိုင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
Photo – MOI






