[latest_news_marquee]

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုများအပါအဝင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ ပူးတွဲကြေညာ

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်နှင့် မြေပြင်လုံခြုံရေး အခြေအနေအပေါ်မူတည်၍ ကျန်ရှိနေသည့် နယ်စပ်ဂိတ်/ကုန်သွယ်ရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်နိုင်ရေး စဉ်းစားရန် သဘောတူညီချက်အပါအဝင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို ဇူလိုင် ၆ ရက်နေ့ ညပိုင်းက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် တို့၏ ပူးတွဲကြေညာချက်၌ ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကြေညာချက်အရ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည့် အမှတ်-၂ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(မြဝတီ- မဲဆောက်) နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ခဲ့မှုကို ကြိုဆိုခဲ့ကြကာ နှစ်ဖက်စလုံးက နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ဆက်သွယ်ချိတ်ဆက်မှုကိုမြှင့်တင်စေမည့် သတ်မှတ်ထားသော နယ်စပ်ဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို လွယ်ကူချောမွေ့လျင်မြန်စေရန် နည်းလမ်းများဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထို့အပြင် ကုန်သွယ်မှုရည်မှန်းချက် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ရရှိစေရေးအတွက် နှစ်ဖက်စလုံးက နှစ်နိုင်ငံကုန်သွယ်မှုကိုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့ရေးတို့ကို ဆောင်ရွက်နိုင်ရန်  နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီခဲ့ကြပြီး ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည့် (၈) ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မရှင် အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုချောမွေ့စွာ စီးဆင်းနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခက်အခဲများနှင့် အခြားအခက်အခဲများကိုဖြေရှင်းရန်နှင့် တရားဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ အဆင်ပြေချောမွေ့စေရေးအတွက် နည်းလမ်းများကိုရှာဖွေရန် သက်ဆိုင်ရာအာဏာပိုင်များအား တိုက်တွန်းအားပေးဆောင်ရွက်သွားရန်  သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်လက်၍ အဆင့်မြှင့်တင်ထားသည့် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ချိတ်ဆက်မှုများမှတစ်ဆင့် လမ်းပန်းဆက်သွယ်ရေး ကွန်ရက်များကို ခိုင်မာအားကောင်းစေရေး ကတိကဝတ်များကို အတည်ပြုခဲ့ကြသလို ကုန်းလမ်း၊ ပင်လယ် ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများပါဝင်သော ဘက်စုံပို့ဆောင်ဆက်သွယ်ရေး (Multi-modal Connectivity) ချိတ်ဆက်မှုအစီအစဉ်တစ်ခုလုံးကို ပေါင်းစပ်ညှိနှိုင်းရန်နှင့် နှစ်နိုင်ငံ ပြည်တွင်းဥပဒေများနှင့်အညီ သင့်လျော်သည့်နေရာတွင် နှစ်နိုင်ငံ၏ သက်ဆိုင်ရာမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ ဟန်ချက် ညီစေရန်တို့အတွက် “မြန်မာ-ထိုင်း အကြား လမ်းပန်းဆက်သွယ်ရေး ကွန်ရက်မြှင့်တင်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့” ထူထောင်ရေး၏ အရေးပါမှုကို ဖော်ပြခဲ့ကြောင်းလည်း သိရပါတယ်။

အနာဂတ်ဆွေးနွေးမှုနယ်ပယ်များတွင် နှစ်နိုင်ငံစလုံး၏ နှစ်ဖက်သဘောတူညီချက်၊ သက်ဆိုင်ရာဖြစ်နိုင်ခြေ လေ့လာမှုများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရနောင်းဆိပ်ကမ်းနှင့် မြန်မာနိုင်ငံရှိ သင့်လျော်သည့် ဆိပ်ကမ်းများအကြား နှစ်ဖက်အကျိုးရှိသည့် ပင်လယ်ရေကြောင်း ဆက်သွယ်ရေး၊ အလားအလာရှိသော စီးပွားဖြစ် ကမ်းရိုးတန်းရေကြောင်း ပို့ဆောင်ရေးဝန်ဆောင်မှုများ မြှင့်တင်ရေး၊ ဖူနမ်ရွမ်-ထီးခီး-ထားဝယ် သယ်ယူပို့ဆောင်ရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းအဆင့်မြှင့်တင်ရေး၊ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးနှင့် နယ်စပ်တစ်လျှောက် သင့်လျော်သည့် အထူးစီးပွားရေးဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းနေရာများ ဖော်ဆောင်ရေးတို့ ပါဝင်ကာ ထိုသို့ကြိုးပမ်းမှုများက နှစ်နိုင်ငံစလုံးနှင့် ပိုမိုကျယ်ပြန့်သည့် ဒေသအတွင်း ကုန်သွယ်မှုမြှင့်တင်ရန်၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းနေရာများ အဆင်ပြေစေရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်၊ ချိတ်ဆက်မှုခိုင်မာစေရန် မျှော်မှန်းထားတယ်လို့ သိရပါတယ်။

မြန်မာ-ထိုင်း ပူးတွဲကြေညာချက်အရ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးရေးအေဂျင်စီ (NEDA)၏ ကူညီပံ့ပိုးမှုကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်များက ကြိုဆိုကြောင်း၊ နှစ်ဖက်စလုံးသည် စွမ်းအင်ဖူလုံရေးကို မဟာဗျူဟာမြောက် ဦးစားပေးကိစ္စရပ်အဖြစ် အသိအမှတ်ပြုခဲ့ကြပြီး စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်၊ အထူးသဖြင့် တည်ငြိမ်၍ ယုံကြည်စိတ်ချရသော စွမ်းအင် အထောက် အပံ့ကို အာမခံချက်ရှိရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန်အတွက် သဘာဝဓာတ်ငွေ့သယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေး ရှာဖွေတူးဖော်မှု တိုးမြှင့်သွားရန် ထပ်လောင်းအတည်ပြုခဲ့ကြကြောင်းနှင့် နှစ်ဖက်စလုံးက နှစ်နိုင်ငံစွမ်းအင်ဖူလုံမှုနှင့် အပြန်အလှန် အကျိုးစီးပွားကိုမြှင့်တင်ရန် ရှိရင်းစွဲစီမံကိန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး အထောက်အပံ့ပေးရန်နှင့် အနာဂတ်စီမံကိန်းများနှင့် ပတ်သက်သည့် ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များလွယ်ကူချောမွေ့စေရန် သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ထို့နောက် နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအသစ်နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူညီချက်တို့ လက်မှတ်ရေးထိုးခဲ့ခြင်းကိုလည်း ကြိုဆိုခဲ့ကြပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ထိုင်း-မြန်မာ စီးပွားရေးကောင်စီ (TMBC)၊ မြန်မာနိုင်ငံ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအသင်း (TBAM) တို့အပါအဝင် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံကြရန်နှင့် နယ်စပ်ဒေသများရှိ ဒေသဆိုင်ရာကုန်သည်ကြီးများအသင်းများအကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ကြရန်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များက တိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာ_ထိုင်း, နယ်စပ်ဖြတ်ကျော်, စီးပွားရေးပူးပေါင်းဆောင်ရွက်မှု, နယ်စပ်ကုန်သွယ်ရေး, 

Your Ad Here
Ad Size: 336x280 px

More News