ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ တက်ဂ်ဘောပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အားကစားသမားများသည် အကောင်းဆုံး စွမ်းဆောင်ရည်ပြသကာ ရွှေ၊ ငွေ၊ ကြေး တံဆိပ်ဆုများကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
ယခုရရှိခဲ့သည့် အောင်မြင်မှုများသည် အာရှအားကစားပြိုင်ပွဲ တက်ဂ်ဘော စင်မြင့်ပေါ်တွင် မြန်မာနိုင်ငံအတွက် သမိုင်းဝင်မှတ်တိုင်သစ်များ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် တက်ဂ်ဘောကစားသမားများ၏ အာရှအဆင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထင်ရှားစွာပြသနိုင်ခဲ့သည့် အောင်မြင်မှုများဖြစ်ကြောင်း သိရပါတယ်။
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ခင်နှင်းဝေက ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိ အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အုပ်စုအဆင့်တွင် ၃ ပွဲကစား ၃ ပွဲစလုံးအနိုင်ရရှိခဲ့ကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့်သို တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားကို နှစ်ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့သလို ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားကို အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ပြိုင်ပွဲအဆင့်ဆင့်၌ အနိုင်ရလဒ်များရယူကာ ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သလို ဖိုင်နယ်ပွဲစဉ်၌ အာရှအဆင့်တွင် အင်အားကြီးအသင်းတစ်သင်းဖြစ်သည့် ထိုင်းအသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးနောက် ဒုတိယနေရာ (ငွေတံဆိပ်ဆု)ကို ရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထို့အတူ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday က အုပ်စုအဆင့်မှ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ်ဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ကာ အင်ဒိုနီးရှားကစားသမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သလို ဆီမီးဖိုင်နယ်တွင် အီရတ်ကစားသမားကို ရှုံးနိမ့်ခဲ့သော်လည်း စက်တင်ဘာ ၂၀ ရက်က ကျင်းပသည့် တတိယနေရာလုပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို ၂ ပွဲပြတ်ဖြင့် အနိုင်ရကာ ကြေးတံဆိပ်ဆုရှိခဲ့တယ်လို့ သိပါတယ်။
Photo- MOI






