[latest_news_marquee]

လောင်းကစားနှင့် ပတ်သက်၍ SMS များ ပေးပို့ခဲ့သည့် ဖုန်းနံပါတ်ပေါင်း ၄ သိန်းနီးပါးကို အပြီးပိတ်သိမ်းထား ဟုဆို

လောင်းကစားနှင့် ပတ်သက်၍ SMS များ ပေးပို့ခဲ့သည့် ဖုန်းနံပါတ်ပေါင်း ၄ သိန်းနီးပါးကို အပြီးပိတ်သိမ်းထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး ဝင်းတင့်က ပြောကြားထားပါတယ်။

ဩဂုတ် ၂၆ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မရမ်းကုန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း၏ “ဖုန်းခေါ်ဆိုမှုများ၊ စာတိုများပေးပို့ပြီး အွန်လိုင်းလောင်းကစား ပြုလုပ်ရန် သွေးဆောင်ဖျားယောင်းနေခြင်းများကို ပြုလုပ်နေသူများအား ထိရောက်စွာ ဟန့်တားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်ပတ်သက်လို့ ပြန်လည်ဖြေကြားရာမှာ နယ်/လုံဝန်ကြီးက အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပုံမှန်မဟုတ်သော SMS ပေးပို့မှုများကို သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာများ၏ SMS Firewall စနစ်တွင် Automatic Blocking Direction နည်းလမ်းဖြင့် အလိုအလျောက် ပိတ်သိမ်းကာ တားဆီးဆောင်ရွက်လျက်ရှိပြီး ထိုသို့ စောင့်ကြည့်ထိန်းချုပ်၍ အရေးယူဆောင်ရွက်မှုများအရ ၂၀၂၆ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ လောင်းကစားနှင့် ဆက်စပ်၍ သံသယဖြစ်ဖွယ် SMS များ ပေးပို့နေသည့် ဖုန်းနံပါတ် စုစုပေါင်း ၃၉၀,၉၇၈ ခုကို အပြီးတိုင်ပိတ်သိမ်းထားရှိခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီးက လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးအော်ပရေတာများ၏ ကွန်ရက်များကို အသုံးပြု၍ လောင်းကစားဂိမ်းများ ကြော်ငြာခြင်းနှင့် ဖိတ်ခေါ်ခြင်းဆိုင်ရာ SMS စာတိုများ ပေးပို့နေမှုများကို တားဆီးနိုင်ရေးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ စနစ်တကျ စောင့်ကြည့်ထိန်းချုပ်၍ အရေးယူဆောင်ရွက်လျက်ရှိပြီး  ဖုန်းနံပါတ်တစ်ခုတည်းမှ တူညီသော စာသားများကို ဖုန်းနံပါတ် ၆၀ ခုသို့ အချိန်တစ်နာရီအတွင်း ဖြန့်ဝေပေးပို့ခြင်း သို့မဟုတ် ၂၄ နာရီအတွင်း ဖုန်းနံပါတ် ၁,၀၀၀ ခုသို့ ဖြန့်ဝေပေးပို့ ခြင်းတို့ကို ပုံမှန်မဟုတ်သော SMS ပေးပို့မှုအဖြစ် သတ်မှတ်ထားရှိတယ်လို့ ဝန်ကြီးက ဆိုထားပါတယ်။

ထို့ပြင် လောင်းကစားအတွက် ဖုန်းခေါ်ဆိုမှုများနှင့် SMS များ ပေးပို့နေသည့် ဖုန်းနံပါတ်များကို တွေ့ရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုဒ်သို့ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဝန်ကြီးက လွှတ်တော်မှာ ဖြေကြားထားပါတယ်။

ထို့အတူ လောင်းကစားဒိုင်များ အသုံးပြုနေသော ပုဂ္ဂလိကဘဏ်အကောင့်များနှင့် ငွေပေးချေမှု Payment များအား ရှာဖွေဖော်ထုတ်ပြီး အရေးယူရန်နှင့် ပတ်သက်၍လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် သင်္ကာမကင်းဖွယ် ငွေလွှဲပြောင်း ပေးပို့မှုများ၊ ထုတ်ယူမှုများရှိပါက အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်သွားရန် ညှိနှိုင်းအကြောင်းကြားထားပါကြောင်း၊ ပုဂ္ဂလိက KBZ Pay ၊ Wave Pay ၊ AYA Pay အစရှိသည့် ငွေကြေးအသုံးပြုလွှဲပြောင်းဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ မသင်္ကာဖွယ်ငွေလွှဲပြောင်း ပေးပို့မှုများ၊ ထုတ်ယူမှုများရှိပါက ချက်ချင်းသတင်းပို့ ဆောင်ရွက်၍ စိစစ်ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိတယ်လို့လည်း သိရပါတယ်။ ယင်းအပြင် လောင်းကစားဒိုင်များ အသုံးပြုနေသော ပုဂ္ဂလိကဘဏ်အကောင့်များနှင့် ငွေပေးချေမှု Payment များကို ရှာဖွေဖော်ထုတ်ပြီး အရေးယူရန်မှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ပုဂ္ဂလိကဘဏ်များကို စောင့်ကြည့်စစ်ဆေးကြပ်မတ်မှုများပြုလုပ်၍ ဖော်ထုတ်ရရှိမှုများကို သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့လည်း နယ်/လုံဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

Photos- Internet

Your Ad Here
Ad Size: 336x280 px

More News