ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်/ ကျေးရွာစုစုပေါင်း ၁,၃၆၄ ခုရှိရာ ၃၁ ရပ်ကွက်တွင် လူနေ အိမ်ခြေ နည်းပါးခြင်းကြောင့် အုပ်ချုပ်ရေမှူး ခန့်အပ်၍မရသော ရပ်ကွက်များဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောကြားထားပါတယ်။
ဩဂုတ် ၃၁ ရက် နေ့က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်၏ “၂၀၂၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၊ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရွေးချယ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်နေ့တွင် ဆောင်ရွက်မည်၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း” မေးခွန်းအပေါ် ဖြေကြားရာမှာ အခုလိုထည့်သွင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရပ်ကွက် ၇၄၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၂၁ အုပ်စု၊ ရပ်ကွက်/ ကျေးရွာစုစုပေါင်း ၁,၃၆၄ ခု ရှိကာ လက်ရှိတွင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး စုစုပေါင်း ၁,၃၃၃ ဦးရှိပြီး ၎င်းတို့အနက်မှ ရပ်ရွာဒေသက ကြည်ညို လေးစားပြီး သိက္ခာသမာဓိရှိသူ၊ နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏ အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန်ထမ်း ဆောင်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေး တည်ဆဲဥပဒေနှင့် အညီဆောင်ရွက်သွားမယ်လို့ နယ်/လုံဝန်ကြီးက လွှတ်တော်၌ ဖြေကြားခဲ့ပါတယ်။
ထို့အတူ လက်ရှိ ရရှိပြီးဖြစ်သော လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို အရှိန်အဟုန်မပျက်စေရေးတို့အတွက် တည်ဆဲ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့်အညီ စိစစ်လျက်ရှိကာ စိစစ်ရရှိမှုအပေါ်မူတည်၍ တည်ဆဲဥပဒေနှင့် အညီဆောင်ရွက်သွားမယ်လို့လည်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူး, ရပ်ကွက်, ကျေးရွာအုပ်စု, ရန်ကုန်, ရန်ကုန်လွှတ်တော်၂၀၂၆ ,
Photo- CINCDS






