၂၀၂၆ ခုနှစ်အတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းများတင်ပို့လျက်ရှိရာ လက်ရှိတွင် တင်ပို့ကာလ (၇) လတာပြီးဆုံးပြီးဖြစ်ပြီး ပြောင်းတန်ချိန် (၁)သန်းကျော် တင်ပိုနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းများကို ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နေတာဖြစ်ပြီး ဆက်လက်၍လည်း ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ရန်ပြင်ဆင်နေကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
“ထိုင်းနိုင်ငံကတော့ အကောက်ခွန်လွတ်ကာလပေါ့။ ဖေဖော်ဝါရီကနေ ဩဂုတ်လအထိပဲ တင်ပို့ခွင့်ရတာဆိုတော့ ဩဂုတ်လမှာပဲတင်ပို့မှုကို အဆုံးသတ်ခဲ့တယ်။ အကောက်ခွန်လွတ်တင်ပို့ခွင့်ကာလမှာတော့ ခန့်မှန်းတန်ချိန် ၁ သန်းလောက်တင်ပို့ခဲ့ပါတယ်”လို့ ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့သည့် လမ်းကြောင်းများအနေဖြင့် တာချီလိတ်-မယ်ဆိုင်၊ ရန်ကုန်-ကော့သောင်း-ရနောင်း၊ မြဝတီ စသည့်လမ်းကြောင်းများမှ တင်ပို့ခဲ့ပြီး ဈေးနှုန်းကောင်းရရှိခဲ့ကြောင်း၊ သို့သော် ပြည်တွင်းတွင် အထွက်နှုန်းနည်းသဖြင့် တင်ပို့နိုင်သည့် ပမာဏ အနည်းငယ် ကျဆင်းသွားကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းအနေဖြင့်လည်း ထိုင်းနိုင်ငံပြီးပါက အဓိကအားဖြင့်ဝယ်ယူနေသည့် ဖိလစ်ပိုင်နိုင်ငံသို့ လာမည့် အောက်တိုဘာလကုန်ပိုင်းတွင် တင်ပို့သည့် သင်္ဘောများ ထွက်ခွာနိုင်မည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိတွင် လက်ကျန် ပြောင်းနည်းနေသလို ပြည်တွင်းအစာစက်ရုံများ၏ ဝယ်ယူမှုကြောင့် ပြည်တွင်းပြောင်းဈေးနှုန်းမှာလည်း အမြင့်ဘက်တွင်ရှိကြောင်း သိရပါတယ်။
Photo – CJ






