[latest_news_marquee]

ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး မလိုလားအပ်သည့် စစ်ဆေးရေးဂိတ်များ လျှော့ချသွားရန်လိုကြောင်း နိုင်ငံတော် သမ္မတပြောကြား

ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် လမ်းကြောင်းများတစ်လျှောက်၌ မလိုလားအပ်သည့်စစ်ဆေးရေးဂိတ်များ လျှော့ချသွားရန်လိုကြောင်းနှင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြဖို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ပြောကြားခဲ့ပါတယ်။

ထို့အပြင် ကုန်သွယ်မှုနှင့်ပတ်သက်၍ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများအားလုံးကို ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်းနှင့် သွင်းကုန်၊ ပို့ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီမှုရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြရန်လိုပြီး မရိုးမသားဆောင်ရွက်ခြင်းများကြောင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်နစ်နာမှုများ မဖြစ်စေရန်လိုကြောင်းတို့ကို ဩဂုတ် ၂၅ ရက်နေ့က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများမရရှိဘဲ ထိခိုက်နစ်နာခြင်းနှင့် အရည်အသွေးမပြည့်မီသည့် ပစ္စည်းများအား ပြည်သူများအနေဖြင့် ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲနေရသဖြင့် ထိခိုက်နစ်နာခြင်းတို့ ဖြစ်ပေါ်စေနိုင်တယ်လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။

ထို့ကြောင့် ကုန်သွယ်မှုလျင်မြန်လုံခြုံချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး တာဝန်ရှိသူများက အထူးအလေးထားကြပ်မတ်ဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတက အဆိုပါအစည်းအဝေး၌ မှာကြားခဲ့ကြောင်း သိရပါတယ်။

ဆက်လက်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုမြှင့်တင်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်အောင် မဖြစ်မနေ ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းရှိ ကုန်ကြမ်းပစ္စည်းများကို အဓိကအသုံးပြု ထုတ်လုပ်နိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်သွားမှာဖြစ်သလို သွင်းကုန်အစားထိုး ထုတ်ကုန်များအား ထုတ်လုပ်နိုင်မှာဖြစ်၍ ပြည်ပ ပို့ကုန်များ တိုးမြင့်ရရှိလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ကိုလည်း ၎င်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။

တရားမဝင်ကုန်သွယ်, စစ်ဆေးရေးဂိတ်, ပို့ကုန်, သွင်းကုန်, ကုန်သွယ်မှု, စီးပွားရေး, 

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News