[latest_news_marquee]

Mytel Myanmar ဟာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်းတစ်ခုဖြစ်ဟု နိုင်ငံတော် သမ္မတပြောကြား

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သော Mytel Myanmar လုပ်ငန်းဟာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်းတစ်ခုဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က စက်တင်ဘာ ၆ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်တဲ့  “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”မှာ ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင်ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့တွင် အဓိကဆောင်ရွက်နေကြပြီး သတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊

အနာဂတ်တွင်လည်း မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ဆက်သွယ်ရေး၊ နည်းပညာ၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ယုံကြည်ချက်ရှိကြောင်းလည်း နိုင်ငံတော်သမ္မတ က ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်းသဘောတူညီချက်များကို အခြေပြု၍ မြန်မာနိုင်ငံမှ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းကာ လယ်ယာအခြေခံသွင်းအားစုထုတ်လုပ်ခြင်း၊ စားသောက်ကုန်နှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ခြင်း စသည့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုစက်ရုံများ တည်ထောင်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပြီး ကမ္ဘာ့စားနပ်ရိက္ခာတန်ဖိုးကွင်းဆက်အတွင်း အတူတကွဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း၊ ထို့ပြင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဆိုက်ဘာလုံခြုံရေး၊ အစိုးရဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင်ဖော်ဆောင်ရေးတို့တွင် ဗီယက်နမ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုဖိတ်ခေါ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထို့အတူ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အရေးပါသည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးနှင့် Biomass စွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းများ၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးနှင့် အာဆီယံစီးပွားရေးစင်္ကြံတစ်လျှောက် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ၊ သံ၊ သံမဏိနှင့် ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်းများတွင်လည်း ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုတယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရာ၌ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များတွင်သာမက လယ်ယာပေါင်းစည်းဇုန်များနှင့် စက်မှုစီမံကိန်းများကိုလည်း ထူထောင်ဆောင်ရွက်နိုင်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဟူ၍ အထူးစီးပွားရေးဇုန်ကြီး ၃ ခုရှိပြီး သီလဝါစီးပွားရေးဇုန်သည် မဟာမဲခေါင်ဒေသခွဲစီးပွားရေးစင်္ကြံများ (GMS Economic Corridors) အနက် အရှေ့-အနောက် စီးပွားရေးစင်္ကြံ (EWEC-East-West Economic Corridor) ဖြစ်သည့် မြန်မာနိုင်ငံ (မြဝတီ)-ထိုင်း-လာအို-ဗီယက်နမ်နိုင်ငံ (ဒါနန်း) လမ်းကြောင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်သဖြင့် အနာဂတ်တွင် ဒေသတွင်း အရေးပါသည့် နိုင်ငံဖြတ်ကျော်မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းတစ်ရပ် ဖြစ်လာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ထို့အတူ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည်လည်း အနာဂတ်တွင် မဟာဗျူဟာမြောက်အရေးပါသည့် နေရာတစ်ခုဖြစ်လာမည်ဖြစ်ပြီး GMS Economic Corridors အနက်) တောင်ပိုင်းစီးပွားရေးစင်္ကြံလမ်း (Southern Economic Corridor- SEC) ဖြစ်သည့် မြန်မာနိုင်ငံ (ထားဝယ်)-ဗန်ကောက် – လွန်ပရာဘမ် – ဗီယက်နမ်နိုင်ငံ (ဒါနန်း) လမ်းကြောင်းနှင့် ချိတ်ဆက်သွားနိုင်မည်ဖြစ်သဖြင့် ဒေသတွင်းအရေးပါသည့် မဟာစီမံကိန်းတစ်ခုဖြစ်လာမယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

ယခု စီးပွားရေးဖိုရမ်သည် ပစ္စုပ္ပန်ကာလအတွက်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ အကျိုးရှိမည့် ရေရှည်တည်တံ့သည့် စီးပွားရေးမိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ပေးနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား “အပြန်အလှန်လေးစားမှုကို အခြေခံသည့် မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကိုအခြေခံသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် အနာဂတ်” ကို အတူတကွဖော်ဆောင်သွားနိုင်မည်ဟု ယုံကြည်ကြောင်းကို အလေးအနက်ဆွေးနွေးပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် စားသောက်ကုန်များကို ဗီယက်နမ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချ လျက်ရှိကာ  ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ သံမဏိထုတ်ကုန်များကို အဓိကတင်သွင်းလျက်ရှိတယ်လို့ အဆိုပါဖိုရမ်မှ သိရပါတယ်။

မြန်မာ_ဗီယက်နမ်, စီးပွားရေးဖိုရမ်၂၀၂၆, နိုင်ငံတော်သမ္မတဗီယက်နမ်ခရီးစဉ်၂၀၂၆, မြန်မာ, ဗီယက်နမ်,

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News