ဒေသအလိုက် ဖွံ့ဖြိုးရေးအတွက် ခရိုင်ဗဟိုပြုအုပ်ချုပ်ရေးစနစ်ဖြင့် စနစ်တကျ တာဝန်ယူ ဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်တင်ဘာ ၁၅ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အသိပေးပြောကြားလိုက်ပါတယ်။
အုပ်ချုပ်ရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အလိုက်သက်ဆိုင်ရာ ရာထူးတာဝန်များ အသီးသီး ခန့်အပ်တာဝန်ပေးထားခြင်းဖြစ်ပြီး ခရိုင်အဆင့် တာဝန်ရှိသူများကို အတွေ့အကြုံနှင့်လုပ်သက်အရ ရွေးချယ်တာဝန်ပေးအပ်ထားခြင်းဖြစ်တာကြောင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ထိရောက်သည့် စီမံအုပ်ချုပ်ကွပ်ကဲမှုဖြစ်စေရေး ခရိုင်ဗဟိုပြုအုပ်ချုပ်ရေးစနစ်ဖြင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ တရားရေးနှင့် ဥပဒေစသည်ဖြင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ခရိုင်အဆင့်မှ စနစ်တကျ တာဝန်ယူ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
မကြာသေးမီက သွားရောက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့သည်လည်း အခက်အခဲ ပေါင်းများစွာကြားမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအားထုတ်ခဲ့ရပြီး ယခုအခါဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာတွင် အဓိကအားဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းပြီး နိုင်ငံစီးပွားရေးအားကောင်းရန် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း သူက ပြောကြားထားပါတယ်။
ထို့အတူ နိုင်ငံအတွင်း ကျန်းမာကြံ့ခိုင်ပြီး ပညာတတ် လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ်လေ့ကျင့်မွေးထုတ် အသုံးပြုသွားနိုင်ရန်လည်းလိုအပ်ပြီး အမှန်တကယ်အလုပ်လုပ်ကိုင်ကြရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးကြရမယ်လို့လည်း နိုင်ငံတော် သမ္မတက ပြောကြားထားပါတယ်။
အုပ်ချုပ်ရေး, ဒေသဖွံ့ဖြိုးရေး, ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၂၀၂၆,
Photo – MOI






