[latest_news_marquee]

ဈေးကွက်အတွင်းရှိ ဆေးဝါးများ၏ အရည်အသွေးအား ရှောင်တခင် ကွင်းဆင်းဝယ်ယူ၍ စစ်ဆေးနေ

ဈေးကွက်အတွင်းရှိ ဆေးဝါးများ၏ အရည်အသွေးအား ပုံမှန်စစ်ဆေးနိုင်ရန်အတွက် ရှောင်တခင် ကွင်းဆင်းဝယ်ယူ၍ စစ်ဆေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဋ္ဌေးက ပြောကြားထားပါတယ်။

ဩဂုတ် ၂၅ ရက်က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ပြည့်ဖြိုးက “ရန်ကုန်မြို့ရှိ ဆေးအရောင်းဆိုင်များတွင် ပြည်ပမှ တင်သွင်းရောင်းချ လျက်ရှိသော ဆေးဝါးများနှင့် ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသည့် ဆေးဝါးများ၏ သက်တမ်းကုန်ဆုံးရက်များ အမှန်တကယ် မှန်ကန်မှု ရှိ/မရှိ နှင့် ပြန်လည်ရိုက်နှိပ်ထားမှု ရှိ/မရှိ စသည့် အခြေအနေများကို သက်ဆိုင်ရာဌာနအနေဖြင့် ရှောင်တခင်စစ်ဆေးခြင်း ရှိ/မရှိ” မေးမြန်းခြင်းကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

ဈေးကွက်အတွင်းရှိ ဆေးဝါးများ၏ အရည်အသွေး ပုံမှန်စစ်ဆေးနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ရုံးချုပ်မှ ချမှတ်ထားသော ဆေးဝါးဈေးကွက်ထောက်လှမ်းခြင်း စီမံချက်များအတိုင်း ဆေးဝါးများကို ကွင်းဆင်းဝယ်ယူ၍ Mini Lab ဖြင့် စစ်ဆေးလျက်ရှိတယ်လို့ ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

ထို့အပြင် Mini Lab ဖြင့် စစ်ဆေးနိုင်ခြင်း မရှိသော ဆေးဝါးများကို ရန်ကုန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲသို့ ပေးပို့စစ်ဆေးလျက်ရှိပြီး စံမညီဆေးဝါးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက အဆိုပါ စံမညီသည့် Batch No ဖြင့် ဆေးဝါးများကို ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန် သက်ဆိုင်ရာ ကုမ္ပဏီသို့ အကြောင်းကြားခြင်း၊ ၎င်းစံမညီဆေးဝါးများ ရောင်းချမှုမရှိစေရန် ဆေးဆိုင်များကို ကန့်သတ်အသိပေးနှိုးဆော်ခြင်း၊ ထို့နောက် အဆိုပါ Batch No ဖြင့် စံမညီဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိကို သက်ဆိုင်ရာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများက ကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိပါက အဆိုပါ Batch No ဖြင့် ဆေးဝါးများကို သိမ်းဆည်းစေခြင်းတို့ကို ပုံမှန်ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ဆိုထား ပါတယ်။

ထို့အတူ ဆေးဆိုင်များအား စစ်ဆေးရာတွင် စည်းကမ်းဖောက်ဖျက်ကြောင်းတွေ့ရှိပါက တွေ့ရှိရသော သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်မပါရှိသည့် ဆေးဝါးများ၊ စံမညီဆေးဝါးများကို သိမ်းဆည်းဖျက်ဆီးစေ၍ ပထမအကြိမ် စစ်ဆေးတွေ့ရှိခြင်းဖြစ်ပါက ဆေးဆိုင်များအား ဆေးဝါးရောင်းချခွင့် လိုင်စင် ၃ လပိတ်သိမ်းခြင်း၊ ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိခြင်းဖြစ်ပါက ဆေးဝါးရောင်းချခွင့် လိုင်စင် ၆ လပိတ်သိမ်းခြင်းနှင့် တတိယအကြိမ် စစ်ဆေးတွေ့ရှိခြင်းဖြစ်ပါက ဆေးဝါးရောင်းချခွင့် လိုင်စင်အပြီး ပိတ်သိမ်းသလို တရားစွဲဆိုအရေးယူခြင်းတွေကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ထို့အပြင် ဆေးဝါးအတုဖြစ်ပါက အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုအရေးယူခြင်းတို့ကို တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Photos- MOI , FDA

Your Ad Here
Ad Size: 336x280 px

More News