ကော်ဖီပုံမှန်သောက်တာက ခန္ဓာကိုယ် တည်ဆောက်ပုံ၊ ဇီဝဖြစ်စဉ်နဲ့ ဟော်မုန်းပမာဏအပေါ် ထူးခြားတဲ့ပြောင်းလဲမှုတွေ ဆက်စပ်ဖြစ်ပေါ်နေတယ်လို ဖင်လန်နိုင်ငံ အူးလုတက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အသစ်မှာ ဖော်ပြထားပါတယ်။
အဆိုပါ လေ့လာမှုမှာ အသက် ၄၆ နှစ်အရွယ်ရှိသူ ၂၂၆၄ ဦးရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို အသေးစိတ် ဆန်းစစ်ခဲ့ကြတာလို သိရပါတယ်။
သုတေသနတွေ့ရှိချက်အရ ကော်ဖီကို ပိုသောက်သူတွေက ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း တူညီနေရင်တောင် ကော်ဖီကိုမသောက်သူတွေထက် စုစုပေါင်းခန္ဓာကိုယ်အဆီနဲ့ ဝမ်းဗိုက်အတွင်းကလီစာအဆီ နည်းပါးပြီး အရိုးစုကြွက်သားထုပိုများကြောင်း တွေ့ရတယ်လို ဆိုပါတယ်။
ဒါ့အပြင် အမျိုးအစား (၂) ဆီးချို ရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ Branched-Chain Amino Acids (BCAA) ပမာဏ လျော့နည်းနေတာကိုလည်း အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတယ်လိုလည်း သိရပါတယ်။
ဟော်မုန်းပြောင်းလဲမှုမှာတော့ အမျိုးသားတွေမှာ ပိုထင်ရှားတဲ့ ပြောင်းလဲမှုတွေတွေ့ရပြီး ကော်ဖီသောက်သူ အမျိုးသားတွေမှာ Total Testosterone နဲ့ SHBG ပရိုတင်းပမာဏတွေ ပိုမြင့်နေကာ Free Testosterone ပမာဏကတော့ အနည်းငယ်လျော့နည်းနေတာကို တွေ့ရကာ အမျိုးသမီးတွေမှာတော့ SHBG ပရိုတင်း မြင့်မားတာကိုတွေ့ရကြောင်း ပညာရှင်များက ဆိုထားပါတယ်။
Photos – MWD






