ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြတ်တောက်သွားသော ဘယ်ဘက်လက်ညှိုးအား ပြန်ဆက်သည့် ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ကြောင်း ဆေးရုံကြီးမှ သိရပါတယ်။
အဆိုပါဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အထည်ချုပ်စက်ရုံ၌ အထည်ဖြတ်စက်ဖြင့် ထိခိုက်မှုကြောင့် ဘယ်ဘက်လက်ညှိုး ပြတ်တောက်သွားခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ည ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာခဲ့ရာ တာဝန်ကျအရိုး အထူးကုဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သောကနဦး ကုသမှုများ ဆောင်ရွက်ပေး၍ ဘယ်ဘက်လက်ညှိုးပြန်ဆက်သည့် ခွဲစိတ်ကုသမှု (Replantation Surgery) ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ခွဲစိတ်ခန်း၌ အဆိုပါနေ့ ည ၈ နာရီခွဲတွင် စတင်ခွဲစိတ်မှု ပြုလုပ်ခဲ့ရာ သြဂုတ်လ ၁၂ ရက် နံနက် ၁ နာရီတွင် ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ထိုသို့ ခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်များအဖွဲ့၊ မေ့ဆေးအထူးကုဆရာဝန်များအဖွဲ့၊ ကျွမ်းကျင်သူနာပြုကြီး/သူနာပြုများအဖွဲ့နှင့် ဆက်စပ်ဌာနများမှ အထောက်အကူပြု ဓာတ်ခွဲ၊ ဓာတ်မှန် ကျွမ်းကျင်ဝန်ထမ်းများ အားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
လက်ရှိမှာ အဆိုပါလူနာ၏ ပြန်ဆက်ထားသော ဘယ်ဘက်လက်ညှိုးမှာ မူလအတိုင်း ကောင်းစွာလှုပ်ရှားနိုင်ပြီဖြစ်သဖြင့် ခွဲစိတ်ပြီး ၂၉ ရက်မြောက် စက်တင်ဘာလ ၉ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီး လိုအပ်သော လေ့ကျင့်ခန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်လည်း ၂၀၂၂ ခုနှစ်မှစ၍ လက်ရှိ ၂၀၂၆ ခုနှစ်စက်တင်ဘာကုန်အထိ လက်ဖျံပြန်ဆက်ခွဲစိတ်သူတစ်ဦး၊ လက်မောင်းပြန်ဆက် ခွဲစိတ်သူတစ်ဦး၊ လက်မပြန်ဆက်ခွဲစိတ်သူ ၂ ဦး၊ လက်ဖဝါးနှင့် လက်မပြန်ဆက် ခွဲစိတ်သူ ၂ ဦး၊ လက်ညှိုးပြန်ဆက်ခွဲ စိတ်သူတစ်ဦး၊ စုစုပေါင်း ၇ ဦးအား ပြန်ဆက်ခွဲစိတ်ကုသမှု (Replantation Surgery) ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
Photo – MOI






