ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်သကြားထုတ်လုပ်သည့် ကြံသီးနှံကို လျာထားဧကထက် ကျော်လွန် စိုက်ပျိုးထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
အဆိုပါတိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန် သကြားထုတ်လုပ်သည့် ချက်ကြံ ၃,၄၃၆ ဧကနှင့် စားကြံ ၅၁၁ ဧကကို စိုက်ပျိုးလျာထားဧကထက် ကျော်လွန်၍ စိုက်ပျိုးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ စိုက်ပျိုးတဲ့ကြံကနေ တင်လဲရည်ကို ပြည်တွင်းမှာ အသုံးပြုပြီး သကြားကို ပြည်ပပို့တာဖြစ်တဲ့အတွက် နိုင်ငံခြားဝင်ငွေရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ်မှာ တိုင်းဒေသကြီးအတွင်း ချက်ကြံ ၃,၃၈၁ ဧကနှင့် စားကြံ ၅၀၇ ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှာတော့ ချက်ကြံ ၃,၄၃၆ ဧကနှင့် စားကြံ ၅၁၁ ဧကကို လျာထားချက်ထက်ကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ပါတယ်”လို့ ၎င်းကပြောပါတယ်။

စိုက်ပျိုးမှုအနေဖြင့် ချက်ကြံကို တိုက်ကြီးမြို့နယ်အတွင်းရှိ ဂုံညင်းတန်း၊ ကျွဲဘုတ်၊ မာဂရီ၊ ချင်းကုန်း၊ ဥက္ကံ၊ မျိုးပွားခြံတို့တွင် စိုက်ပျိုးကြပြီး နိုင်ငံခြားမျိုးများဖြစ်သည့် K95/84၊ KK-3၊ K2000/89 မျိုးစိတ်များနှင့် စိုက်ပျိုးရေးသုတေသနမှထုတ်လုပ်သည့် Dar-4 အထွက်ကောင်း ချက်ကြံမျိုးစိတ်များကို မိုးသီးနှံအဖြစ် စိုက်ပျိုးထားကာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလက စိုက်ပျိုးခဲ့သည့် ကြံခင်းများကို ယခု ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် စတင်၍ ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရပါတယ်။
အလားတူ စားကြံကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း စိုက်ပျိုးမှုများကာ ရန်ကုန်မြို့တွင် ကြံရည်အဖြစ် ဆောင်းရာသီတွင် ရောင်းချလေ့ရှိပြီး ချက်ကြံကို တင်လဲရည်ထုတ်လုပ်၍ အဖျော်ယမကာနှင့် အခြားစားသောက်ကုန်ထုတ်လုပ်ရာ၌ အသုံးပြုသလို ချက်ကြံရည်ကိုကျိုချက်ရာမှ သကြားထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပပို့ကုန်အဖြစ် တင်ပို့ကြောင်းလည်း သိရပါတယ်။
ကြံ, သကြား, ပို့ကုန်, ချက်ကြံ, စားကြံ, စိုက်ပျိုးရေး,






