မြန်မာနိုင်ငံ၏ ရိုးရာအစားအစာများကို ထိန်းသိမ်းမြှင့်တင်ပြီး နိုင်ငံတကာအဆင့် တည်ခင်းဧည့်ခံမှု ပညာရပ်နှင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များထံ ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရန် ရည်ရွယ်၍ Taste of the Golden Land 2026 မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါပြပွဲကို လာမည့် ဩဂုတ်လ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မန္တလေးမြို့ရှိ Myanmar Convention Center (MCC) ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲနှင့် ပြပွဲကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးပြီး မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အကောင်အထည်ဖော် ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
မြန်မာ့ရိုးရာအစားအစာများ၏ အရသာနှင့် မူရင်းလက္ခဏာများကို ထိန်းသိမ်းထားရှိရင်း နိုင်ငံတကာအဆင့် တည်ခင်းဧည့်ခံမှုပုံစံ၊ အစားအစာပြင်ဆင်မှုနှင့် အလှဆင်တင်ဆက်မှု နည်းစနစ်များကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မြန်မာ့အစားအစာများသည် အရသာအပိုင်းတွင် နိုင်ငံတကာဧည့်သည်များ လက်ခံနိုင်သည့် အားသာချက်များရှိသော်လည်း နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ရာတွင် အစားအစာ၏ အရသာအပြင် တည်ခင်းဧည့်ခံမှု ပညာနှင့် အစားအစာ အလှဆင်င်ဆက်မှုတို့လည်း အရေးပါသည့်အတွက် အဆိုပါ နည်းစနစ်များကို မန္တလေးမြို့ရှိ စားသောက်ဆိုင်များနှင့် ဟိုတယ်လုပ်ငန်းများအတွင်း ပိုမိုပြန့်ပွားလာစေဖို့ ယခုလို ကျင်းပခြင်းဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ပြပွဲတွင် ပြခန်းပေါင်း ၁၃၅ ခန်း ပါဝင်ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီး၏ ထူးခြားသည့် ရိုးရာအစားအစာများကို အဓိကထား၍ ပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာအစားအစာများအပြင် တရုတ်အစားအစာအချို့ကိုလည်း ပြသရောင်းချသွားမည်ဖြစ်သဖြင့် လာရောက်သူများအနေဖြင့် အစားအစာအမျိုးအစားများကို တစ်နေရာတည်းတွင် လေ့လာကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲတွင်လည်း မန္တလေးမြို့ရှိ စားသောက်ဆိုင် ၈ ဆိုင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် မြန်မာ့ရိုးရာအစားအစာများကို ချက်ပြုတ်ပြင်ဆင်ရာတွင် အရသာပိုင်းသာမက အစားအစာတည်ခင်းဧည့်ခံမှု၊ ပန်းကန်ပြင်ဆင်မှုနှင့် အလှဆင်တင်ဆက်မှုတို့ကိုပါ ထည့်သွင်းယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
ထို့ပြင် ဒုတိယနေ့တွင် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ ဇုန်အသီးသီးမှ ပါဝင်လာသည့် အဖွဲ့များက မိမိတို့ဒေသ၏ ရိုးရာအစားအစာများကို ကိုယ်တိုင်ချက်ပြုတ် ပြင်ဆင်၍ ပြသခြင်း၊ ရောင်းချခြင်းနှင့် လာရောက်လည်ပတ်သူများအား နမူနာမြည်းစမ်းနိုင်ရန် စီစဉ်ပေးခြင်းများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ယင်းသို့ ဒေသအစားအစာများကို တစ်နေရာတည်းတွင် စုစည်းပြသခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဒေသအလိုက် ထူးခြားသည့် အစားအစာယဉ်ကျေးမှုများကို ပြည်သူများနှင့် နိုင်ငံခြားဧည့်သည်များ ပိုမိုသိရှိနိုင်မည်ဖြစ်သကဲ့သို့ မြန်မာအစားအစာများကို ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်၍ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကျင်းပသွားမည်ဖြစ်ပြီး အများပြည်သူများအနေဖြင့် ယင်းနေ့ မွန်းတည့် ၁၂ နာရီ နောက်ပိုင်းမှစ၍ လာရောက်လည်ပတ် ကြည့်ရှုနိုင်မှာဖြစ်သလို အဆိုပါ Taste of the Golden Land 2026 ပြိုင်ပွဲနှင့် ပြပွဲသည် မြန်မာ့ရိုးရာအစားအစာများ၏ အရသာနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်သည့်အပြင် အစားအသောက်လုပ်ငန်းရှင်များအတွက် နိုင်ငံတကာအဆင့် တည်ခင်းဧည့်ခံမှုနည်းစနစ်များကို လေ့လာအသုံးချနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲ, ပြပွဲ, အစားအစာ, TasteoftheGoldenLand2026,
Photo – MOI






