ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ မှ ၁၁/၆ + ၃၀၀ နေရာ၌ တိုးမြစ်၏ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)တွင် ဩဂုတ် ၂၅ ရက်နေ့ မနက်ပိုင်းမှစ၍ အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည် တိုက်စားမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြစ်ကမ်းပါးရေတိုက်စားမှုဖြစ်ပွားသည့်နေရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှလည်း ဩဂုတ် ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် နိုင်လွန်ပိုက်နှင့် ရေရှိန်သတ်နုန်းဖမ်းခြင်းလုပ်ငန်းလေးခုကို ဆောင်ရွက်ခဲ့သော်လည်း ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အဆိုပါ မြစ်ကမ်းပါးရေတိုက်စားမှု ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီးရှိ ချောင်းကြီး၊ ဂန်ချောင်း၊ မာယူနှင့် ထုံးဝစသည့် ကျေးရွာများကိုလည်း ရေဘေးလွတ်ရာနေရာများသို့ အချိန်မီပြောင်းရွှေ့နိုင်ရေး အကြောင်းကြားထားပြီး တာပတ်ခြင်းလုပ်ငန်းဆောင်ရွက်သည့်နေရာအနီးရှိ လူနေအိမ်များကိုလည်း ဘေးလွတ်ရာသို့ပြောင်းရွှေ့နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
ထို့အတူ မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် တာကိုယ်ထည် တိုက်စားမှုဖြစ်ပေါ်ခဲ့သည့် နေရာ၏အနောက်ဘက် ပေ ၂၀၀ ခန့်အကွာတွင် အလျားပေ ၇၀၀၊ အမြင့် ၁၀ ပေ ယာယီတာပတ်ခြင်း (Ring Bund) လုပ်ငန်းများကို စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်ခြင်း၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ သဲအိတ်ဆင့်ခြင်း၊ တာထောက်ခြင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။
Photos-MSFD






