၂၀၂၆ ခုနှစ်၏ ASEAN Smoke-Free Award (2026) တတိယဆုကို မြန်မာနိုင်ငံမှ သံဖြူဇရပ်မြို့နယ်က ရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
အဆိုပါဆုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပလျက်ရှိသည့် (၁၇)ကြိမ်မြောက် အာဆီယံ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ကျန်းမာရေးဝန်ကြီးဌာနကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးလိပ်နှင့်ဆေးရွက်ကြီး တိုက်ဖျက်ရေးလုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်သူများအား ဆေးလိပ်ငွေ့အန္တရာယ်မှ ကာကွယ်ရန်အတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ(၂၀၀၆)နှင့်အညီ ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၂၆ ခုနှစ်၊ ASESN Smoke-Free Award တတိယဆုကို မြန်မာနိုင်ငံမှ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် နှင့်အတူ အင်ဒိုနီးရှားနိုင်ငံမှ ဒီးပေါ့ခ်မြို့၊ မလေးရှားနိုင်ငံမှ ကွာလာလမ်ပူမြို့၊ ဖိလစ်ပိုင်နိုင်ငံမှ ပါစစ်မြို့နှင့် ထိုင်းနိုင်ငံမှ မဟာဆာရာခမ်မြို့ တို့က ရရှိခဲ့ကြောင်း သိရပါတယ်။
ထို့အတူ ဒုတိယဆုကို မလေးရှားနိုင်ငံ ဂျော့ရှ်တောင်းမြို့ကလည်းကောင်း၊ ပထမဆုကို ဖိလစ်ပိုင်နိုင်ငံ ဘာဂီယိုမြို့ကလည်းကောင်း ရရှိခဲ့ကြောင်း သိရပါတယ်။
Photos – CJ






