အနည်းဆုံးအခကြေးငွေ တိုးမြှင့်သတ်မှတ်ပေးရန် အစိုးရ ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် သဘောတူညီမှုဖြင့် နိုင်ငံစီးပွားရေး မူဝါဒများကို ထည့်သွင်းစဉ်းစားပြီး ဆက်လက်ဆောင်ရွက်ရမည်ဟု အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းမှ ပြောကြားထားပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းဝေး၏ တတိယနေ့တွင် ကြံခင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဦး၏ အလုပ်သမားများ၏ အနိမ့်ဆုံးအခကြေးငွေကို တိုးမြှင့်သတ်မှတ် ပေးရန်၊ အခြေခံလုပ်ခလစာစနစ်ကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန်နှင့် အနိမ့်ဆုံးအခကြေးငွေ တိုးမြှင့်သတ်မှတ်ရာတွင် ချေးငွေပံ့ပိုးမှု၊ နည်းပညာကူညီမှု၊ အခွန်ဆိုင်ရာ အထောက်အပံ့များ ပူးတွဲဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ၎င်းက ဖြေဆိုရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိပါတယ်။
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင်နှင့် အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားနှင့် အလုပ်သမားအဖွဲ့အစည်းများထံမှ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များနှင့်အညီ ၂၀၁၈ ခုနှစ်တွင် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈ နာရီအတွက် ၄၈ဝဝ ကျပ် တိုးမြှင့်သတ်မှတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ပထမအကြိမ် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်၊ ၂၀၂၄ ခုနှစ် ဩဂုတ် ၉ ရက်တွင် ဒုတိယအကြိမ် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်နှင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် တတိယအကြိမ် အပိုထောက်ပံ့ကြေး ၁ဝဝဝ ကျပ် ထပ်မံတိုးမြှင့်ပေးခဲ့ပြီး စုစုပေါင်းအပိုထောက်ပံ့ကြေးအဖြစ် ၃ဝဝဝ ကျပ်ကို ခံစားခွင့်ပြုခဲ့ရာ အလုပ်သမားများအနေဖြင့် အလုပ်လုပ်သောရက်များ၊ ဥပဒေနှင့်အညီ ခံစားသောခွင့်ရက်များ၌ တစ်ရက်ဝင်ငွေ စုစုပေါင်း ၇၈ဝဝ ကျပ် ရရှိမှာ ဖြစ်ပါတယ်လို့လည်း ဒုတိယဝန်ကြီးက ပြောပါတယ်။
လက်ရှိမှာ ဥပဒေနှင့်အညီ အနည်းဆုံးအခကြေးငွေ ပြန်လည် သုံးသပ်ရာတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် သဘောတူညီမှုဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို ထည့်သွင်းစဉ်းစားလျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Photo – MOI






