[latest_news_marquee]

အခွန်ဝန်ရုံးများ၏ ဝန်ဆောင်မှုအပေါ် ကျေနပ်မှု ရှိ/မရှိ Public Feedback Programme ကို ရန်ကုန်တိုင်းက အခွန် ရုံး ၁၃ ရုံးတွင် ဆောင်ရွက်နေပြီး နှစ်စဉ် တိုးချဲ့နေဟုဆို

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ပူးပေါင်း၍ Public Feedback Programme အစီအစဉ်အရ Data Entry Operator (DEO) စနစ် အသုံးပြုလျက်ရှိကာ ရန်ကုန်တိုင်းဒေသကြီးတွင် DEO စနစ် ကျင့်သုံးသည့် အခွန်ရုံး ၁၃ ရုံးရှိပြီး အဆိုပါ DEO ရုံးများကိုလည်း နှစ်စဉ် တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၄ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့၌ ကျောက်တံတားမြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်၏ “နိုင်ငံတော်သို့ ဝင်ငွေခွန်ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စေရေး မည်သို့ စီမံထားသည်နှင့် အခွန်ကိစ္စရပ်များတွင် မရိုးဖြောင့်မှုများနှင့် အဂတိလိုက်စားမှုများ အပေါ်တိုင်ကြားနိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ပေးမယ်ကို သိရှိလိုကြောင်း” မေးမြန်းမှုအပေါ် တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမေသန်းနွယ်က ပြန်လည်ဖြေကြားရာမှာ အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားတာဖြစ်ပြီး အဆိုပါ စနစ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာလို့လည်း သိရပါတယ်။

ယင်းစနစ်အရ အခွန်ဝန်ဆောင်မှုရယူပြီးသော အခွန်ထမ်းများ၏ လက်ကိုင်ဖုန်းများသို့ နေ့စဉ် SMS Campaign များ အလိုအလျောက် ပေးပို့၍ အခွန်ရုံးများ၏ ဝန်ဆောင်မှုအပေါ် ကျေနပ်မှု ရှိ၊ မရှိ၊ ဝန်ထမ်းများ၏ ဆက်ဆံရေး၊ မသင့်လျော်သော တောင်းဆိုမှုများ ရှိ၊ မရှိနှင့် အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို တိုက်ရိုက်မေးမြန်း ဆောင်ရွက်လျက်ရှိကာ အထူးသဖြင့် အဆိုပါ Public Feedback Programme သည် သက်ဆိုင်ရာအခွန်ရုံးများသို့သာ တုံ့ပြန်ပေးပို့သည့် စနစ်မဟုတ်ဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုက်ရိုက်ချိတ်ဆက်ပေးပို့သည့် လွတ်လပ်သော စောင့်ကြည့်ကြပ်မတ်မှုစနစ် ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ စနစ်ကြောင့် အများပြည်သူ၏ သဘောထားနှင့် တိုင်ကြားချက်များကို ပွင့်လင်းမြင်သာစွာ လက်ခံရယူနိုင်ကာ အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်ခြေများကို ကြိုတင်ကာကွယ်နိုင်ရန် အရေးပါသော စနစ်တစ်ခုဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများကိုလည်း လစဉ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အခွန်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မရိုးမဖြောင့်မှုများကို တားဆီးကာကွယ်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ဖြေကြားထားပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News