ယမန်နေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မော်လမြိုင်မြို့ပေါ်ရှိ အဓိက သစ်ပင်ကြီးများလဲ၍ နေအိမ်ပိခြင်း၊ လမ်းများပိတ်ဆို့မှုဖြစ်ပွားခြင်းနှင့် ဓါတ်ကြိုးများပြတ်တောက်ခြင်းများ ကြုံတွေ့ခဲ့ရလို့ ကူညီကယ်ဆယ်ရေးများဆောင်ရွက်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မွန်ပြည်နယ်မီးသတ်ဦးစီးဌာန နှင့် မော်လမြိုင်မြို့ပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့များထံက သိရပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ မြို့မဈေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မော်လမြိုင်မြို့နယ်၊ မွန်မင်းလမ်းနှင့် သရက်တောလမ်းထောင့်တွင် သစ်ပင်များလဲကျပြီး လမ်းပိတ်ခဲ့သလို မုဒုံမြို့၊ ကျောက်တစ်လုံးကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်လမ်းဘေးတွင် သစ်ပင်လဲကျခဲ့တာကြောင့် လမ်းပိတ်ဆို့ခြင်း၊ ဓါတ်ကြိုးများ ပြတ်ကျခြင်းများလည်း ဖြစ်ပေါခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ မော်လမြိုင်မြို့ပေါ်ရှိ ငန်းတေး၊ မြေနီကုန်း၊ မဟာမြိုင်၊ သီရိမြိုင် ၊ သရက်ကုန်း၊ ကြာအင်း၊ ကျွဲခြံကုန်း ၊ စမ်းကြီး၊ သာယာအေး၊ ခရွမ်း၊ ရှမ်းရွာ စသည့် ရပ်ကွက် နေရာများတွင် သစ်ပင်ကြီးများလဲ၍ လမ်းပိတ်ဆို့ခြင်း၊ နေအိမ်ပိခြင်း တို့ဖြစ်ပေါ်ခဲ့သဖြင့် မော်လမြိုင် မီးသတ်ဦးစီးဌာန နှင့် မော်လမြိုင်မြို့ပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့များမှ ကွန်ယက်များ ချိတ်ဆက်၍ နေရာအသီးသီး၌ ကိုယ်စီ တာဝန်များ ဖြန့်ကျက်ယူကာ အချိန်နဲ့ တပြေးညီညချင်းတွင်း ရှင်းလင်းဆောင်ရွက် ကူညီပေးခဲ့တယ်လို့လည်း ဒေသခံလူမှုကူညီရေး အသင်းများထံက သိရပါတယ်။
Photos- MFSD






