ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကျိုက်ထိုမြို့ အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ကာ ဖြူးမြို့၏ တောင်ဘက်အနီးမှ ဆက်လက်ဖြတ်ကျော်လျက်ရှိတဲ့အတွက် အညိုရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မနက် ၇ နာရီအချိန်က ထုတ်ပြန်ထားပါတယ်။
အဆိုပါကုန်းတွင်းမုန်တိုင်းငယ်သည် ဖြူးမြို့၏ တောင်-အရှေ့ တောင်ဘက် မိုင် ၃၀ ခန့်၊ တောင်ငူမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၆၀ ခန့်နှင့် နေပြည်တော် ၏ တောင်-အရှေ့တောင်ဘက် ၁၂၀ မိုင်ခန့်အကွာကို ဗဟိုပြုနေ တယ်လို့လည်း မိုးဇလမှ ဆိုထားပါတယ်။
ကုန်းတွင်းမုန်တိုင်းငယ်ဟာ နောက် ၃၆ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းရတယ်လို့ မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
ယနေ့ညနေအထိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီ၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့လည်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
Photos- မိုးဇလ






