ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ မွန်-တနင်္သာရီ ကမ်းရိုးတန်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)ဟာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများသို့ ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၇ နာရီက ထုတ်ပြန်ထားပါတယ်။
ယနေ့ စက်တင်ဘာ ၂၈ ရက် မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော မြန်မာနိုင်ငံ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဆက်လက်တည်ရှိနေပြီးနောက် ၂၄ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများသို့ ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းရကြောင်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
ယနေ့ညနေအထိ ခန့်မှန်းချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေး၊ ကယားနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ပဲခူး၊ မကွေးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် တယ်လို့လည်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
ထို့အတူ နောက် ၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယားပြည်နယ်၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးကြီးမယ်လို့လည်း သိရပါတယ်။
Photos- မိုးဇလ






