[latest_news_marquee]

ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ခွင့်ပြုပေးထားသည့် ပုဂ္ဂလိက စက်မှုလုပ်ငန်းပေါင်း ၈၅၀၀ ကျော်ရှိနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ခွင့်ပြုပေးထားတဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းပေါင်း ၈၅၀၀ ကျော်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးသော် ထံမှ သိရပါတယ်။

အဆိုပါ ပုဂ္ဂလိက စက်မှုလုပ်ငန်းများကို မှတ်ပုံတင်ပေးရန် ထောက်ခံချက်ပေးရာတွင် ထိုလုပ်ငန်း၏ ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသော ပြည်သူများ၏ ကျန်းမာရေးကို ထိုခိုက်စေနိုင်မှုမရှိခြင်း၊ မီးဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ပတ်ဝန်းကျင်အား အနှောင့်အယှက်မဖြစ်စေခြင်းနှင့် ညစ်ညမ်းမှုမရှိခြင်း၊ အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်မှု မရှိသည့်အပြင် အန္တရာယ်ကျရောက်နိုင်မှုများ မရှိခြင်းနှင့် တည်ဆဲဥပဒေများကိုလည်း လိုက်နာဆောင်ရွက်မှုရှိခြင်းတို့အား စိစစ်၍ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိနေတာဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ထိုသို့ ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေအရ စိစစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိကို မှတ်ပုံတင်ခွင့်ပြုပြီးသော လုပ်ငန်းပေါင်း ၈၅၄၁ ခုရှိကာ အဆိုပါ လုပ်ငန်းများသည် MSME ဥပဒေသတ်မှတ်ချက်အရ ထုတ်လုပ်မှုကဏ္ဍတွင် အကျုံးဝင်ကြောင်းလည်း သိရပါတယ်။

လက်ရှိမှာ ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်ထားသော လုပ်ငန်းအချို့သည် MSME Member Card များပြုလုပ်ထားပြီး နည်းပညာအထောက်အပံ့နှင့် သက်ဆိုင်ရာချေးငွေများကို ရယူဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာ မျိုးသော်က ဩဂုတ် ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြောကြားခဲ့ပါတယ်။

ပုဂ္ဂလိကစက်မှုလုပ်ငန်း, MSME, မှတ်ပုံတင်ခွင့်ပြု, ရန်ကုန်စက်မှုလုပ်ငန်း, စီးပွားရေး, 

Your Ad Here
Ad Size: 336x280 px

More News