ရန်ကုန်-ချန်ဒူး တိုက်ရိုက်လေကြောင်းလိုင်းနှင့် ပါးဆူ (Ba-Shu) ယဉ်ကျေးမှုစင်္ကြံ ခရီးသွားလာရေး ထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်းအနားကို ဩဂုတ် ၂၆ ရက်နေ့ကရန်ကုန်မြို့ရှိ Wyndham Grand Hotel ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)၊ Chengdu Haiyou Holiday International Travel Service ကုမ္ပဏီလီမိတက် ၊ Chongqing Silu International Travel Service ကုမ္ပဏီလီမိတက်တို့က ပူးတွဲတာဝန်ယူကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့က ကူညီလမ်းညွှန်ခဲ့ကာ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၊ ချုံချင့်မြို့နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့က ကူညီပံ့ပိုးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် မြန်မာ စီချွမ်း-ချုံချင့် ကုန်သည်များအသင်း၊ စီချွမ်းပြည်နယ် ခရီးသွားလုပ်ငန်းအသင်း၊ ချုံချင့်မြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးအသင်း၊ ချုံချင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များအသင်းနှင့် International Travel Asia ကုမ္ပဏီလီမိတက် တို့က ပူးပေါင်းကူညီခဲ့ကြကာ အခမ်းအနားသို့ မြန်မာနှင့် တရုတ် နှစ်နိုင်ငံ အစိုးရဌာနများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးအဖွဲ့အစည်းများ၊ စက်မှုလက်မှုအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
ယင်းမိတ်ဆက်ပွဲ၏ ရည်ရွယ်ချက်မှာ မကြာမီ ပြေးဆွဲတော့မည့် ရန်ကုန်-ချန်တူး တိုက်ရိုက်လေကြောင်းလိုင်းကို မိတ်ဆက်ရန်၊ ပါရှုယဉ်ကျေးမှု ခရီးသွားလာရေး အရင်းအမြစ်များကို ပြသရန်၊ မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတစ်ခု တည်ဆောက်ရန်နှင့် နှစ်နိုင်ငံ ပြည်သူများ သွားလာရေးနှင့် ခရီးသွားလာရေးဆိုင်ရာ အဓိပ္ပာယ်ရှိသော လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဖြစ်တယ်လို့လည်း သိရပါတယ်။
မိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး မစ္စတာ လီချန်းကော် က မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် ရေမြေချင်းဆက်စပ်နေပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ကူးလူးဆက်ဆံမှုသည် နှစ်နိုင်ငံ ချစ်ကြည်ရေး ကူးလူးဆက်ဆံမှု၏ အရေးပါသော နှောင်ကြိုးတစ်ခု ဖြစ်ကြောင်း၊ ရန်ကုန်-ချန်တူးတိုက်ရိုက်လေကြောင်းလိုင်း ဖွင့်လှစ်ခြင်းက နှစ်နိုင်ငံ ပြည်သူများ သွားလာရေးကို ပိုမိုလွယ်ကူ စေမည်ဖြစ်ပြီး မြန်မာ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်သစ်များ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန္ဒာအောင်က လေကြောင်းလိုင်း ဖွင့်လှစ်ခြင်းဟာ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေသည့် အရေးပါသော ရလဒ်တစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသကြား နှစ်ဦးနှစ်ဖက် ထိရောက်စွာ ကူးလူးဆက်ဆံနိုင်မည်ဖြစ်ပြီး ခရီးသွားဧည့်သည်များ သွားလာမှုကို မြှင့်တင်ပေးကာ မြန်မာ-တရုတ် ခရီးသွားလာရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Sichuan Haiyou Tourism Co.,Ltd. ဥက္ကဋ္ဌ Mr. Boa Xixiang က ယခု ရန်ကုန်-ချန်တူး တိုက်ရိုက် လေကြောင်းလိုင်းသစ် ဖွင့်လှစ်ပြီးနောက်ပိုင်း ခရီးသွားစျေးကွက်၏ အလားအလာအပေါ် အပြည့်အဝ ယုံကြည်မှုရှိပြီး ယခုတိုက်ရိုက်လေကြောင်းပျံသန်းမှု အခွင့်အလမ်းကို အသုံးချ၍ နှစ်ဖက်စလုံးရှိ ခရီးသွားစျေးကွက်များ အပြန်အလှန် အကျိုးရှိစေရန်နှင့် နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းသွားနိုင်ရန် တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ယခု တိုက်ရိုက်လေကြောင်းလိုင်းကြောင့် နှစ်နိုင်ငံအကြား သွားလာကြမည့် ခရီးသည်များအနေဖြင့် လေယာဉ်ပြောင်းစီးရသည့် ဒုက္ခမှ ကင်းဝေးစေပြီး ခရီးစဉ်ကြာချိန် ၃ နာရီခွဲသာ ကြာမြင့်မှာဖြစ်လို့ ခရီးသွားလာရေး ထိရောက်မှုကို သိသာစွာ မြှင့်တင်ပေးနိုင်မယ်လို့လည်း သိရပါတယ်။
အဆိုပါ လေကြောင်းလိုင်းကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က Airbus အလတ်စား လေယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုလျှင် အနည်းဆုံး ခရီးသည် ၁၃၀ ထက်မနည်း စီးနင်းနိုင်မှာဖြစ်သလို လေကြောင်း လိုင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် စတင်မည်ဖြစ်ပြီး အစပိုင်းတွင် တစ်ပတ်လျှင် ၃ ခေါက်၊ စတင်ပြေးဆွဲသည့် ကာလတွင် ၂ ပတ်လျှင် ၃ ခေါက်နှုန်းဖြင့် ပြေးဆွဲမယ်လို့ သိရပါတယ်။
လေယာဉ်ခရီးစဉ်များကို အပတ်စဉ် တနင်္လာ၊ ကြာသပတေး၊ စနေနေ့များတွင် ရန်ကုန်မှ ထွက်ခွာမည်ဖြစ်ကာ အပြန်ခရီးစဉ်များကို အပတ်စဉ် အင်္ဂါ၊ သောကြာ၊ တနင်္ဂနွေနေ့များတွင် ပြေးဆွဲမှာဖြစ်ပြီး အသေးစိတ် လေယာဉ်အချိန်ဇယားကို ၂၀၂၆ ခုနှစ် စက်တင်ဘာလလယ်မှ လကုန်အတွင်း တရားဝင် ထုတ်ပြန်ကြေညာသွားမယ်လို့လည်း သိရပါတယ်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် Haiyou နှင့် ၁ နှစ်စာ စာချုပ်ချုပ်ဆို၍ စင်းလုံးငှားလေယာဉ် (Charter Flight) အဖြစ် ပြေးဆွဲသွားမယ်လို့လည်း သိရပါတယ်။
ထို့အတူ ယခု မိတ်ဆက်ပွဲတွင် ပါရှုယဉ်ကျေးမှုစင်္ကြံ စီးရီး ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ထုတ်ကုန်များကို အဓိကထား မိတ်ဆက်ခဲ့ကာ စီချွမ်ပြည်နယ်၏ Jiuzhaigou ၊ လီရှန်းဗုဒ္ဓရုပ်ပွားတော်ကြီး၊ ချုံချင့်မြို့ရှိ ဝူလုံ (Wulong)အပါအဝင် ပါးဆူယဉ်ကျေးမှုနှင့် ပတ်သတ်သော စီချွမ်း၊ ချုံချင့်ဘက်မှာရှိတဲ့ အလှတရားများနှင့် အထင်ကရခရီးစဉ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။
ထို့အတူ အခမ်းအနားတွင် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကိုလည်း ကျင်းပခဲ့ပြီး Chongqing Silu International Travel Service ကုမ္ပဏီလီမိတက်နှင့် International Travel Asia ကုမ္ပဏီလီမိတက် တို့အကြား
ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကာ သဘောတူညီချက်အရ နှစ်ဘက်စလုံးမှ ထုတ်ကုန်သစ်များ ဖော်ထုတ်ခြင်း၊ ခရီးသွားဧည့်သည်များ အပြန်အလှန် ပေးပို့ခြင်း၊ ဈေးကွက်မြှင့်တင်ခြင်း စသည့် နယ်ပယ်များတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ မစ္စတာ ဟန်ကျားကျွင်း က ချန်တူးမြို့သည် ပါးဆူ ယဉ်ကျေးမှု၏ အဓိကမြစ်ဖျားခံရာ နေရာဖြစ်ပြီး အနောက်တောင်ဘက် တံခါးပေါက်တစ်ခုဖြစ်တဲ့အပြင် ယခုလေကြောင်းလိုင်းသစ် ဖွင့်လှစ်ခြင်းကို အခွင့်အလမ်း တစ်ရပ် အဖြစ် အသုံးချကာ ပါးဆူ (ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး) အမှတ်တံဆိပ်ကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှု၏ စံပြမှတ်တိုင်အသစ်တစ်ခု ဖြစ်လာစေရန် ပံ့ပိုးကူညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ယခုအခမ်းအနားသို့ တက်ရောက်လာတဲ့ Myanmar Yongxin International Travel Agency Co., Ltd. ၏ တာဝန်ရှိသူ တစ်ဦးကလည်း ရန်ကုန်-ချန်တူး တိုက်ရိုက်လေကြောင်းလိုင်းထပ်မံ ပြေးဆွဲတော့မှာ ဖြစ်တာကြောင့် မိမိတို့၏ ခရီးသွားအေဂျင်စီမှလည်း အောက်တိုဘာ ၁၅ ရက်တွင် ၆ ရက်၊ ၄ ညတာ ရန်ကုန်-ချန်တူး ခရီးစဉ် အသစ်ကို စတင်ရန် စီစဉ်ထားပြီး ယခုခရီးစဉ်မှ ပျော်ရွှင်ဖွယ် ခရီးစဉ်တစ်ခုသာမက တရုတ်ယဉ်ကျေးမှုကို နက်နက်ရှိုင်းရှိုင်း နားလည်ရန်နှင့် ပါးဆူ ယဉ်ကျေးမှုကို တွေ့ကြုံခံစားရန် ဖလှယ်ရေး ခရီးစဉ်တစ်ခုလည်း ဖြစ်လာနိုင်သလို တရုတ်နှင့် မြန်မာအကြား ပေါင်းကူးတံတားအဖြစ် လုပ်ဆောင်နေသော ခရီးသွားလုပ်ငန်းမှ တစ်ဆင့် မြန်မာမိတ်ဆွေများသည် ချန်တူးမြို့အကြောင်း ပိုမိုလေ့လာနိုင်ကြမှာဖြစ်လို ယဉ်ကျေးမှုနှင့် ပြည်သူချင်း ဖလှယ်မှုများ နောက်တစ်ဆင့်တက်ရရှိလာနိုင်မယ်လို့ ထင်မြင်မိတယ်လို့လည်း ပြောကြားထားပါတယ်။
Photos- MFN






