ပြင်သစ်နိုင်ငံ ပါရီမြိုတွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends: Bang Bang MSC (Mid-Season Cup) ဗိုလ်လုပွဲစဉ်ကို ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းက ဒုတိယဆု (1st Runner-Up) ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ဗိုလ်လုပွဲစဉ် (Grand Finals) မှာ YG ဟာ ရုရှားအသင်း Team Spirit နဲ့ Best of 7 (BO7) စနစ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးနောက် ပွဲအပြီးမှာ ၄ – ၃ ပွဲနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒုတိယဆု ရရှိခဲ့တဲ့အတွက် YG အသင်းဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ရရှိမှာဖြစ်ပါတယ်။
Yangon Galacticos အသင်းက “ဒီပြိုင်ပွဲမှာ တတ်နိုင်သမျှ အဘက်ဘက်ကနေ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အားလုံးမျှော်လင့်ထားတဲ့ Champions ဆုကို မယူနိုင်ခဲ့လို့လည်း စိတ်မကောင်းဖြစ်ရပါတယ်”လို့ ၎င်းတို့ရဲ့ တရားဝင်လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
YG အသင်းဟာ အုပ်စုအဆင့်မှစ၍ ရှုံးပွဲမရှိဘဲ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြီး အဆင့်ဆင့်တက်ရောက်လာခဲ့ခြင်းဖြစ်သလို ကွာတားဖိုင်နယ်မှာလည်း ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports အသင်းကို ၃-၀ ပွဲဖြင့်လည်းကောင်း၊ ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်နိုင်ငံမှ Team Falcons PH အသင်းကို ၃-၂ ပွဲဖြင့်လည်းကောင်း အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းတစ်သင်းအနေနဲ့ Grand Finals စင်မြင့်ဆီ ၅ နှစ်အကြာမှာ ပြန်လည်ရောက်အောင် လုပ်နိုင်ခဲ့ပြီး ဒုတိယနေရာအထိ ရောက်ခဲ့တာဟာ အဆုံးသတ်မဟုတ်ဘဲ အစသစ်တစ်ခုဖြစ်တယ်လို့လည်း မြန်မာ Esports အသိုင်းအဝိုင်းနဲ့ အားပေးသူပရိတ်များက တူညီစွာ အားပေးပြောကြားလျက်ရှိနေပါတယ်။
Photos- Yangon Galacticos






