ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်တိုင်းလုံးအတိုင်းအတာအရ နို့စားနွားကောင်ရေ ၂၂,၀၀၀ ကျော်မွေးမြူထားပြီး ယင်းအနက်မှ မင်္ဂလာဒုံမြို့နယ်၌ နို့စားနွားကောင်ရေ ၄,၄၀၀ ကျော်ဖြင့် အများဆုံးမွေးမြူထားကာ နို့နှင့်နို့ထွက်ပစ္စည်းအများဆုံး ထုတ်လုပ်၍ နိုင်ငံတစ်ဝှမ်းသို့ ဖြန့်ဖြူးနေကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်အတွင်းမှာ နို့နှင့်နို့ထွက်ပစ္စည်း တန်ဖိုးမြှင့်ထုတ်လုပ်သည့် လုပ်ငန်း ၁၂ ခုရှိပြီး အကြီးစားလုပ်ငန်းလုပ်ကိုင်ကြသည့် ငွေဇင်ပုလဲ၊ Walco၊ အားမာန်၊ TM ၊ ရွှေပုစွန်၊ ဖန်ဟွ(Funwa)နှင့် Boss စသည့် မွေးမြူရေးခြံများမှ နို့နှင့်နို့ထွက်ပစ္စည်းများ နေ့စဉ်ထုတ်လုပ်၍ ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရပါတယ်။
“မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာအောင် မွေးမြူရေးပညာပေး၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးနည်း၊ မြက်ချဉ်ဖတ်ပြုလုပ်နည်း၊ မျိုးကောင်းမျိုးသန့်နဲ့ ထုတ်လုပ်မှုကောင်းဖို့အတွက် မေထုန်မဲ့သားစပ်နည်း စတဲ့ သင်တန်းတွေကို မွေးမြူရေး တောင်သူများထံ အသိပညာပေး သင်ကြားပေးပါတယ်။ ဒါ့အပြင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ဇီဝလုံခြုံရေးဆိုင်ရာ၊ နို့စားနွားကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်စားသုံးနိုင်မှုဟာ မွေးမြူရေးလုပ်ငန်းပေါ်မှာ မူတည်တဲ့အတွက် မွေးမြူရေးကျင့်စဉ်နဲ့အညီ မွေးမြူထုတ်လုပ်နိုင်ဖို့နဲ့ နို့စားနွားတိုးချဲ့မွေးမြူနိုင်ဖို့ မွေးမြူရေးကုမ္ပဏီများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
မွေးမြူသူများနေဖြင့်လည်း နို့စားနွားများကို အစာကျွေးမွေးရာတွင် တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများတွင် ဒေသမြက်ကို အဓိကကျွေးလေ့ရှိပြီး စီးပွားဖြစ်မွေးမြူရေးခြံများ၌ တိရစ္ဆာန်အစာပင်(ပါရာမြက်)နှင့် နေဗီယာမြက်တို့ကို ကိုယ်တိုင်စိုက်ပျိုး၍ကျွေးကာ ဂေါ်ဖီဖတ်ကို ဖြည့်စွက်စာအဖြစ် ကျွေးကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စီးပွားဖြစ်နို့စားနွားမွေးမြူရေး ၂၅၅ ခြံ၌ ၁၁,၆၇၉ ကောင်မွေးမြူထားပြီး ကျန်သော တစ်ပိုင်တစ်နိုင် နို့စားနွားများအပါအဝင် တိုင်းဒေသကြီးအတွင်း စုစုပေါင်း ကောင်ရေ ၂၂,၃၇၄ ကောင် မွေးမြူထားကြောင်း၊ ယင်းအနက် မင်္ဂလာဒုံမြို့နယ်တွင် စီးပွားဖြစ်မွေးမြူရေးခြံ ၅၇ ခြံ၌ ကောင်ရေ ၃,၅၅၇ ကောင်၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံ ၁၁၈ ခြံ၌ ကောင်ရေ ၈၉၇ ကောင်ဖြင့် စုစုပေါင်းကောင်ရေ ၄,၄၅၄ ကောင် ဖြင့်အများဆုံး မွေးမြူထားကြောင်း သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်မှ တစ်ရက်လျှင် နွားနို့ပိဿာ ၈,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး TM ၊ အားမာန်၊ ငွေဇင်ပုလဲ၊ Walco စသည့် နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများမှ တစ်ရက်လျှင် နွားနို့ပိဿာ ၆,၁၀၀ မှ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် အသင့်သောက်နွားနို့ ၃,၁၉၀ ပိဿာ၊ ဒိန်ချဉ် ၁,၀၄၀ ပိဿာ၊ နို့စိမ်း ၁၇၂၀ ပိဿာ၊ ထောပတ် ၃၀ ပိဿာ၊ ပူတင်း ၆၀ ပိဿာနှင့် နွားနို့ယို ၆၀ ပိဿာ ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရပါတယ်။
Photo – MOI






