မီတာအသစ်များလျှောက်ထားသည့်စနစ်အား အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နေသော်လည်း လူမှုကွန်ရက်များနှင့် ဆိုရှယ်မီဒီယာများမှ ဝန်ဆောင်မှုပေးနေခြင်း မရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)မှ ထုတ်ပြန် အသိပေးလာပါတယ်။
ပြည်သူများအနေဖြင့် မီတာအသစ်လျှောက်ထားရာတွင် လွယ်ကူလျင်မြန်မှုရှိစေရန်၊ စရိတ်စကများ သက်သာစေရန်နှင့် တစ်ဆင့်ခံပွဲစားများ/ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုကင်းဝေးစေရန်အတွက် Online Website မှတဆင့် မီတာလျှောက်ထားသည့်စနစ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးထားပြီးဖြစ်ကာ ယခုအခါ မသမာသူများမှ ဝန်ကြီးဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အမည်ဖြင့် အယောင်ဆောင် Facebook Page များဖွင့်လှစ်၍ မီတာလျှောက်ထားလိုသူများထံမှ ငွေကြေးလိမ်လည်တောင်းခံမှုများရှိကြောင်း စိစစ်တွေ့ရှိလာရတယ်လို့ ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းအတွက်ကြောင့် Online မီတာလျှောက်ထားသည့် ဝန်ဆောင်မှုအား Facebook ၊ Telegram အစရှိသည့် Social Media Platform များမှ ဆောင်ရွက်ခြင်း လုံးဝ (လုံးဝ) မရှိကြောင်းနှင့် Online မှ မီတာလျှောက်ထားလိုသူများအနေဖြင့် ဝန်ကြီးဌာန၏ တရားဝင် Website Link မှတဆင့်သာ တရားဝင် လျှောက်ထားနိုင်မယ်လို့လည်း အသိပေး ကြေညာထားပါတယ်။
Photo- YESC






